ယုံကြည်ခြင်း၏ ပထမပိုဒ် .... ၂။ ဖန်ဆင်းရှင်ဘုရားသခင်


ယုံကြည်ခြင်း၏ ပထမပိုဒ်

၂။ ဖန်ဆင်းရှင်ဘုရားသခင်

          ဖန်ဆင်းခြင်းဟူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာ အချိန်အတွင်း၌ ဤလောကတွင်ဖြစ်စေ၊ စကြဝဠာတစ်ခုလုံး၌ဖြစ်စေ ရှိသမျှသော သက်ရှိအရာများ၊ သက်မဲ့အရာများတိုသည် ဗလာနတို့အဖြစ်မှ တည်ရှိဖြစ်ပေါ်ခြင်းသို့ရောက်အောင် ဘုရားသခင်သည် မိမိ၏ အနန္တတန်ခိုးတော်အားဖြင့် ဖန်ဆင်းတော်မူခြင်းဖြစ်သည်။ ဖန်ဆင်းခံအရာသတ္တ၀ါအားလုံးအနက် သိကြားတမန်များနှင့် လူသားများသည်သာ မြင့်မြတ်သော သတ္တ၀ါများ ဖြစ်ကြသည်။

(က) သီကြားတမန်တော်များ
          သိကြားတမန်များသည် ကိုယ်ကာယမပါရှိဘဲ နာမ်ဝိညာဉ်သက်သက်သာ ဖြစ်သောကြောင့် လူသားထက်ပို၍ မြင့်မြတ်ကြသည်။ သန့်ရှင်းဖြူစင်ခြင်းတည်းဟူသော မွန်မြတ်သော အခြေအနေ၌ ဘုရားသခင်သည် သိကြားတမန်တို့ကို ဖန်ဆင်းတော်မူခဲ့သော်လည်း ဂုဏ်ပြိုင်လိုသောကြောင့် ဘုရားရှင်ကို တော်လှန်ပုန်ကန်ကြသည်။ ဤပုန်ကန်သော သိကြားတမန်တို့သည် နတ်ဆိုးနတ်မိစ္ဆာများဖြစ်သွားကြ၍ ထာဝရငရဲဒဏ်ခံရန် ခရဲသို့နှင်ချခြင်းကို ခံခဲ့ကြရသည်။
          ဘုရားသခင်၏ တရားတော်၌ တည်မြဲသောသိကြားတမန်များမှာ ကောင်းကင်ဘုံ၌ ဘုရားရှင်၏ ရွှေမျက်နှာတော်ကို အစဉ်အမြဲ ဖူးမြော်လျက် ဘုရားသခင်၏ ဘုန်းတော်ကို ကြည့်မြင်ရှုစားသဖြင့် အံ့သြချီးမွမ်းကြသည်။ ထိုသိကြားတမန်တို့သည် ထာဝရရွှင်လန်း ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံကြသည်။ 

(ခ) ကိုယ်စောင့်သိကြားများ

          ကောင်းမြတ်သော သိကြားတမန်များထဲမှ အချို့တို့သည် ကောင်းကင်ဘုံ၌ ထာဝရဘုရားရှင်ကို ဖူးမြော်လျက် အစဉ်အမြဲ ချီးမွမ်းထောမနာပြုကြသည်။ အချို့တို့သည် ဘုရားသခင်၏ အလိုတော်ကို စီမံဆောင်ရွက်ကြသည်။ အချို့မူကား ဤမြေကြီးပေါ်တွင် နေထိုင်ကြသော လူတို့ကို ကြည့်ရှုစောင့်ရှောက်ရင်း ဘုရားရှင်၏ရွှေမျက်နှာတော်ကို ဖူးမြော်၍ ကောင်းကင်စည်းစိမ် ချမ်းသာကို အစဉ်အမြဲခံစားကြသည်။ ဘုရားရှင်သည် လူသားတိုင်းအားကြည့်ရှုစောင့်ရန် ကိုယ်စောင့်သိကြားတစ်ပါးစီ ခန့်ထားတော်မူကြောင်းကို ကြည့်ခြင်းအားဖြင့် လူသားများအပေါ်ထားရှိသော ဘုရားသခင်၏ အဆုံးမရှိသော ချစ်ခြင်းမေတ္တာကို သိရှိနိုင်သည်။ နတ်ဆိုး၏ ရန်၊ လူနျင့်တိရစ္ဆာန်တို့၏ရန်၊ သဘာဝဘေးရန် စသော ဘေးရန်အမျိုးမျိုးမှ ကာကွယ်ရန် ကိုယ်စောင့်သိကြားကို ခန့်ထားခြင်းဖြစ်သည်။
          ထိုကိုယ်စောင့်သိကြားတို့သည် လူတို့ထက်သာလွန်မြင့်မြတ်သော်လည်း ဘုရားရှင်၏ အလိုတော်ကို ဆောင်ရွက်ရန် ဤလောကသို့ ဆင်းလာရန် ဝမ်းမြောက်ဝမ်းသာစွာ ထမ်းဆောင်ကြသည်။ သိကြားတမန်များသည် လူသားတို့ကို အမိဝမ်းကွဲ၌ ပဋိသနေတည်သောနေ့မှစ၍ သေသည့်တိုင်အောင် ကြည့်ရှုစောင်မနေကြသည်။ 


(ဂ) နတ်ဆိုးများ

          အထက်ဖေါ်ပြထားသည့်အတိုင်း သိကြားတမန်အချို့တို့သည် ကျေးဇူးတော်များကို အလွဲသုံးစားကြသောကြောင့် မွန်မြတ်သော အခြေအနေကို ဆုံးရှုံးပြီး ဆိုးသွမ်းသောသူများ (နတ်ဆိုးများ) ဖြစ်လာကြသည်။ ထိုမကောင်းသော သိကြားတမန်တို့ကို = လူဆီဖဲ+ အမည်ရှိသောသူမှ ဦးဆောင်ပြီး ဘုရားသခင်ကို ပုန်ကန်ကြသည်။ ထိုသူတို့သည် လူသားများကို နှောင့်နေကြသော နတ်ဆိုးများဖြစ်ကြသည်။ နတ်ဆိုး၏ နှောင့်ယှက်ခြင်းများကို ဝါရှောင်ခြင်း၊ ခြိုးခြံခြင်း၊ အာရုံငါးပါးချုပ်တည်းခြင်း စသောကောင်းမှုတို့ဖြင့် အောင်မြင်နိုင်သည်။ အထူးသဖြင့် ဆုတောင်းခြင်းအမှုကို အစဉ်အမြဲပြုလုပ်သင့်သည်။
 

(ဃ) လူသားများ

          ဘုရားသခင်သည် လူသားများကို ဖန်ဆင်းတော်မူသည်။ လူသားများကို ဖန်ဆင်းရခြင်း၏ရည်ရွယ်ချက်မှာ လူတို့သည် ဤလောက၌ ကိုယ်တော်ကို သိမှတ်ယုံကြည်၍ ကိုယ်တော်၏ အလိုတော်ကို လိုက်နာခြင်းအားဖြင့် နောင်ဘ၀၌ ကိုယ်တော်နျင့်အတူ ထာဝရသုခချမ်းသာကို စံစားစေရန်ဖြစ်သည်။
          လောကီပစ္စည်းများဖြစ်ကြသော စည်းစိမ်၊ ဥစ္စာ၊ ဂုဏ်ပကာသနတို့ကို စံစားရန် ကျွန်ုင်တို့ကို ဘုရားသခင်ဖန်ဆင်းသည် မဟုတ်။ ထိုလောကီဥစ္စာများမရှိသော်လည်း ဘုရားသခင်ကို ချစ်နိုင်သည်။ ထိုအရာများကို ဘုရားသခင်၏ရွှေလက်တော်မှ လက်ခံရရှိသောကြောင့် ၄င်းတို့ကို ဘုရားသခင်၏ အလိုတော်အတိုင်း ဘုရားသခင်၏ပညတ်တော်နှင့် ကိုက်ညီစေရန် ကျင့်ဆောင်ရမည်။ ကျွန်ုပ်တို့၏ အသက်တာသည် ကိုယ်တော်အတွက်သာ ဖြစ်သင့်သည်။ အစဦး၌ မည်သည့် သက်ရှိသတ္တဝါမျှမရှိခဲ့ပေ။ ထိုမရှိရန်မှ ရှိစေရန် ကျွန်ုပ်တို့ကို ဘုရားသခင်ဖန်ဆင်းတော်မူသည်။ ထိုက်တန်စရာတစ်ခုမျှမရှိသော ကျွန်ုပ်တို့ကို ဘုရားသခင်၏ မဟာကရုဏာတော်ကြောင့် မိမိ၏ပုံသာန်တော်နှင့်အညီ ဖန်ဆင်းတော်မူခဲ့သည်။ 


(င) ပထမလူသားနှစ်ယောက်ဖြစ်သော အာဒံနှင့် ဧဝ

အာဒံနှင့် ဧဝ

          မြတ်စွာ ဘုရားသခင်သည် အတိုင်းမဲ့ကြင်နာသနားခြင်း ရှိတော်မူသောကြောင့် ပထမဆုံး လူသားနှစ်ဦးဖြစ်သော အာဒံနှင့် ဧဝကို ဖန်ဆင်းတော်မူ၍ ထိုသူတို့အား အလွန်ထူးခြားသော ကျေးဇူးတော်ကို ပေးတော်မူခဲ့သည်။ ထိုသန့်ရှင်းခြင်း ကျေးဇူးတော်အားဖြင့် ဘုရားသခင်သည် လူတို့ကို မိမိ၏အသက်၌ ပါဝင်စေလျက် အမွေစား၊ အမွေခံသားသမီးအဖြစ်သို့ ရောက်စေသည်။ သေလွန်ပြီးသော အခါ၌လည်း မိမိ၏ရွှေမျက်နှာတော်ကို ဖူးမြင်ခွင့်ပေးတော်မူသည်။ ထို့အပြင် လူ့ဇာတိ၊ ဓမ္မတာတရားထက် လွန်ကဲသော ကျေးဇူးတော်များကိုလည်း ပေးတော်မူခြင်းအားဖြင့် လူသားများ၏ စိတ်တွင် လောဘ၊ ဒေါသ၊ မောဟ စသည့်မကောင်းသော ကိလေသာများနှင့် ကင်းစေသည်။ ကြီးမားသော ဥာဏ်ပညာကိုပေးတော်မူ၍ ကိုယ်ခနာအား အိုခြင်း၊ နာခြင်း၊ သေခြင်းတို့မှ ကင်းလွတ်စေသည်။


အပြစ်ရင်း

          ကျမ်းစာလာသည့်အတိုင်း အာဒံနှင့်ဧဝတို့သည် ဘုရားသခင်၏ စကားတော်ကို မနာခံသောကြောင့် ဘုရားသခင်၏ ထူးခြားသော ကျေးဇူးတော်များကို ဆုံးရှုံးခဲ့သည်။ အာဒံနှင့်ဧဝ တို့သည် ဘုရားသခင်၏ သားသမီးတည်းဟူသော မြင့်မြတ်သည့်အခြေအနေမှ ယုတ်ညံ့သည့် အပြစ်သားများ အခြေအနေသို့ နိမ့်ကျခဲ့ရသည်။ ထိုအပြစ်သည် အတိုင်းမဲ့ကြီးမားသောကြောင့် အတိုင်းမဲ့ဆပ်ဖြေခြင်းအမှုကို ပြုမှသာလျှင် ဖြေနိုင်ပေမည်။ သို့သော် လူတွေအားနည်းချက်၊ အကန့်အသတ်များရှိကြ၍ အတိုင်းမဲ့ဆပ်ဖြေခြင်းအမှုကို မပြုနိုင်ပေ။ ထို့ကြောင့်အလွန်သနားတတ်တော်မူသော ဘုရားသခင်သည် ထိုအပြစ်မှ ရွေးနှုတ်ကယ်တင်ရန်နှင့် လူသားများ၏ အပြစ်ဒဏ်ဆပ်ဖြေရန် ကတိထားတော်မူခဲ့သည့်အတိုင်း မိမိ၏ တပါးတည်းသော သားတော်ကို ဤလောကသို့ စေလွှတ်တော်မူခဲ့သည်။
 
ပုဂိုလ်သုံးပါးတစ်ဆူဘုရား၏ နက်နဲဖွယ်ရာ

          ထာဝရဘုရားတစ်ဆူမှတစ်ပါး မည်သည့်အခြားဘုရားမျှမရှိပေ။ ထိုတစ်ဆူဘုရား၌ ပဂိုလ်သုံးပါးရှိသည်။ ၎င်းပုဂိုလ်သုံးပါးတို့မှာ ခမည်းတော်ဘုရား၊ သားတော်ဘုရားနှင့် သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဟူ၍ဖြစ်သည်။
          ယုံကြည်ရာအချက်များအနက် ဘုရားတစ်ဆူတွင် ပုဂိုလ်သုံးပါးရှိသည် ဟူသောအချက်မှာ အထွတ်အမြတ်ဖြစ်၍ နက်နဲရာအချက်လည်းဖြစ်သည်။ ထိုပုဂိုလ်သုံးပါးတို့သည် ဘုရားဖြစ်တော်မူသော်လည်း ဘုရားသုံးဆူမဟုတ်ပေ။ သူတို့သည်ပုဂိုလ်အားဖြင့် ခြားနားကြသော်လည်း ဇာတိအဖြစ်တော်၌ တစ်လုံးတစ်ဝတည်းဖြစ်သဖြင့် ဘုရားတစ်ဆူတည်းဖြစ်တော်မူ၏။ ပုဂိုလ်သုံးပါးတို့သည် ဘုရားတစ်ဆူတည်းသော ဖြစ်သောကြောင့် ထာဝရရှိသောဂုဏ်တော်အပေါင်းတို့နှင့် ပြည့်စုံကြသည်။ ပထမပုဂိုလ် ခမည်းတော်ဘုရားသည် အစဉ်ထာဝရရရှိနေတော်မူ၍ အလုံးစုံနှင့် ပြည့်ဝတော်မူပြီး မိမိ၏ပုံသာန်နှင့် တူညီသော ဒုတိယပုဂိုလ် သားတော်ဘုရားကို အစဉ်ထာဝရက ဖွားမြင်စေတော်မူသည်။ ခမည်းတော်ဘုရားသည် သားတော်ဘုရားကိုလည်းကောင်း၊ သားတော်ဘုရားသည် ခမည်းတော်ဘုရားကိုလည်းကောင်း၊ စုံလင်ပြည့်စုံသော ချစ်ခြင်းဖြင့် ထာဝရချစ်တော်မူသည်ဖြစ်၍ ခမည်းတော်ဘုရားနှင့် သားတော်ဘုရားတို့၏ အပြန်အလှန်ချစ်ကြသော ချစ်ခြင်းမေတ္တာတော်မှ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားဖြစ်ပေါ်လာသည်။
          ဘုရားတစ်ဆူတည်း၌ ပုဂိုလ်သုံးပါးရှိသည်မှာ အဘယ်သို့ဖြစ်နိုင်သည်ကို ကျွန်ုပ်တို့၏ ဥာဏ်စွမ်းနှင့် နားမလည်နိုင်သော်လည်း မြဲမြံစွာယုံကြည်ကြရမည်။ ယုံကြည်ရသောအကြောင်းမှာ သိသာထင်ရှားသောအကြောင်းများနှင့် သားတော်ဘုရား၏ သွန်သင်ချက်များကြောင့် ဖြစ်သည်။

 

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng