ယုံကြည်ခြင်းအချုပ်၏ နဝမပိုဒ်



ယုံကြည်ခြင်းအချုပ်၏ နဝမပိုဒ်

= သန့်ရှင်းသော ကာသိုလိပ်အသင်းတော်နှင့် သူတော်သူမြတ်အပေါင်းတို့သည် တစ်လုံးတဝတည်းဖြစ်၍ အချင်းချင်းအကျိုးကုသိုလ်တို့ကို ခံစားရကြောင်း+

၁။ အသင်းတော်

(က) ကက်သလစ်အသင်းတော်

          ကက်သလစ်အသင်းတော်ဟူသည် ဆေးကြောခြင်းမင်္ဂလာကို ခံယူပြီး ခရစ်တော်ယေဇူး၏ တရားတော်မြတ်ကို ယုံကြည်ဝန်ခံကြလျှက် တစ်ဦးတည်းသော သိုးထိန်းရှင်၏ စီမံအုပ်ချုပ်တော်မူခြင်းကို တစ်ညီတစ်ညွတ်တည်း လိုက်နာဆောင်သည့် ဘာသာဝင်အပေါင်းတို့၏ အစုအဝေးပင်ဖြစ်သည်။ အပြစ်၌ နစ်မွန်းနေသော သူများနှင့် ငရဲဒဏ်ခံစားနေရသော ဝိညာဉ်များကို ကယ်ဆယ်ရန် ယေဇူးသည် ဤလောကသို့ ဆင်းကြွတော်မူခဲ့သည်။ လူသားတိုင်း ကောင်းကင်လမ်းကို မမှားမယွင်းပဲ လွယ်ကူစွာ လျှောက်လှမ်းနိုင်ရန် အသင်းတော်ကို တည်ထောင်တော်မူခဲ့သည်။ 


(ခ) အသင်းတော်ကို ဦးဆောင်သူ

          အသင်းတော်ကို ဦးဆောင်တည်ထောင်သူမှာ ခရစ်တော်ယေဇူးပင် ဖြစ်သည်။ ဤမြေကြီးပေါ်တွင် အသင်းတော်၏ ထင်ရှားသော ခေါင်းဆောင်မှာ ရောမမြို့ (ဗာတီကန်)တွင် ရှိတော်မူသော ပုပ်ရဟန်းမင်းကြီးပင် ဖြစ်သည်။ ခရစ်တော်ယေဇူးသည် တပည့်တော်ကြီး သံပေတရုအား = သင်သည် ပေတရုဖြစ်၏။ (ပေတရုဟူသည်ကား တည်တံ့ခိုင်မြဲသော ကျောက်ဆောင်ဟု အဓိပ္ပာယ်ရသည်။) ဤကျောက်ပေါ်မှာ ငါ၏ အသင်းတော်ကို ငါတည်ဆောက်မည်။ ကောင်းကင်နိုင်ငံ၏ သော့ကိုလည်း သင့်အား ပေးမည်။ (မဿဲ ၁၆း ၁၃-၂၀) ဟု မိန့်တော်မူခဲ့သည်။

(ဂ) ရဟန်းမင်းကြီး၏ သြဇာအာဏာ

          ရဟန်းမင်းကြီးသည် ခရစ်တော်ယေဇူး၏  အရိုက်အရာကို ဆက်ခံပြီး အသင်းတော်၏ ထင်ရှားသော ခေါင်းဆောင်ဖြစ်သည်။ ခရစ်တော်ယေဇူးသည် အသင်းတော်ကို တည်ထောင်တော်မူသည် ဖြစ်၍  ထိုအသင်းတော်၏ ခေါင်းဆောင်ဖြစ်သည့်အပြင် အသင်းတော်ရှင်ခြင်း၏ အကြောင်းရင်းလည်း ဖြစ်ပေသည်။ သို့သော်လည်း ခရစ်တော်ယေဇူးသည် ကောင်းကင်ဘုံသို့ မတက်ကြွမီ တမန်တော်ကြီး (၁၂)ပါးအနက် ဆီမုန်ပေတရုကို ရွေးကောက်၍ မြေကြီးပေါ်မှာ အသင်းတော်၏ ထင်ရှားသော ခေါင်းဆောင်အဖြစ် ခန့်ထားတော်မူခဲ့သည်။ ကိုယ်တော်သည် သံပေတရုအား အသင်းတော်၏ ခေါင်းဆောင်အဖြစ် တင်မြောက်စဉ်က အခွင့်အာဏာတော်ကို တဦးတည်းကိုသာ ပေးခဲ့သည် မဟုတ်။ အသင်းတော်ကြီးသည် ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင် ကာလအဆက်ဆက် တည်ရှိနေမည်ဖြစ်သောကြောင့် ကိုယ်တော်သည် ပေတရု၏ နေရာ၌ ဆက်ခံသူအားလုံးတို့ကိုလည်း ထိုအာဏာကို ပေးအပ်ခဲ့သည်။
          ပေတရုသည် ရောမမြို့သို့ သွားပြီး ထိုမြို့တော်၌ အခြေစိုက်ရာဌာနကို တည်ထောင်ခဲ့သည်။ ခရစ်သက္ကရာဇ် (၄၂)ခုနှစ်မှ (၆၈)ခုနှစ်တိုင် ပေတရုသည် ရောမမြို့တော်၌ ဆရာတော်ကြီးအဖြစ် သီတင်းသုံးတော်မူခဲ့ပြီး ထိုမြို့တော်၌ပင် အသတ်ခံခဲ့ရသည်။ ထို့ကြောင့် ရောမမြို့တော်၌ ပေတရု၏အရိုက်အရာကို ဆက်ခံကြသော သူတို့သည် အကြီးဆုံးရဟန်းနှင့် အသင်းတော်၏ ခေါင်းဆောင်များဖြစ်ကြသည်။ ရဟန်းမင်းကြီးသည် ဤလောက၌ အသင်းတော်၏ ထင်ရှားသော ခေါင်းဆောင်ဖြစ်သည့်အလျောက် ခရစ်တော်ယေဇူး ကိုယ်တော်တိုင် ပေးအပ်တော်မူခဲ့သော အာဏာတော်သည် သူ၌ရှိ၏။ ဘာသာတူအပေါင်းတို့အား သမ္မာတရားကို တိကျစွာသွန်သင်ပြသရန်၊ စက္ကမင်းတူမင်္ဂလာအားဖြင့် သန့်ရှင်းစင်ကြယ်စေရန်နှင့် ကောင်းကင်နိုင်ငံသို့ ရှေ့ဆောင်လမ်းပြပေးရန် ရဟန်းမင်းကြီးသည် ယေဇူး၏ နာမတော်၌ မိမိ၏အာဏာကို အသုံးပြုတော်မူသည်။ ­­



၂။ အသင်းတော်၏ အင်္ဂါရပ် (၄)ပါး

          အသင်းတော်တွင် အမှတ်လက္ခဏာလေးပါးရှိသည်။ ထိုအမှတ်လက္ခဏာ လေးပါးအားဖြင့် မှန်ကန်သော အသင်းတော်ကို ထင်ရှားစွာ သိရှိနိုင်သည်။ ၎င်းအမှတ်လက္ခာ(၄)ပါးတို့မှာ -

(က)    မကွဲမပြားပဲ တစ်လုံးတစ်ဝတည်းရှိခြင်း
(ခ)     သန့်ရှင်း စင်ကြယ်ခြင်း
(ဂ)     အရပ်ရပ်၌ အစဉ်တည်နေခြင်း
(ဃ)    ခရစ်တော်ယေဇူး၏ တမန်တော်တို့မှ အဆက်ဆက်ဆင်းသက်လာခြင်း စသည်တို့ ဖြစ်ကြသည်။

(က) တစ်လုံးတစ်ဝတည်းရှိခြင်း

          ဘာသာသူအပေါင်းတို့သည် ယုံကြည်ရာ အချက်များကို တညီတညွတ်တည်း ခံယူထားကြသည်။ အထူးသဖြင့် စက္ကရာမင်းတူမင်္ဂလာများ ခံယူခြင်းနှင့် မိစ္ဆားပူဇော်ခြင်း အမှုများကို တညီတညွတ်တည်း ဆောင်ရွက်ကြသည်။ တစ်ဦးတည်းသော ခေါင်းဆောင်၏ လမ်းညွန်မှုအောက်၌ မကွဲမပြားပဲ တစ်လုံးတစ်ဝတည်း ရှိကြသည်။ သို့သော် ခရစ်ယာန်အသင်းတော် တစ်ခုလုံးအတိုင်းအတာနှင့် ကြည့်မည်ဆိုလျှင် အသင်းကွဲများ ရှိနေကြသည်ကို တွေ့ရသည်။ ကက်သလစ်ခရစ်ယာန် ဘာသာဝင် သန်ပေါင်း(၁၀၀၀)ကျော်ခန့်ရှိပြီး အောရ်သောဒေါစ် (Orthodoxes) နှင့် ညီအစ်ကို ခရစ်ယာန်ဂိုဏ်းခွဲများ (Protestants) သန်းပေါင်း(၆၀၀) ကျော်ခန့်ရှိသည်။ ထို့ကြောင့် ခရစ်တော်ယေဇူး၏ အလိုတော်အတိုင်း ကျွန်ုပ်တို့ ကက်သလစ်ဘာသာသူများသည် ထိုအခြားသော ခရစ်ယာန်ဂိုဏ်းခွဲအသင်းတော်များနှင့် မပေါင်းစည်းနိုင်ကြပေ။ ထိုအသင်းခွဲများသည် တစ်ပါးတည်းသော ကယ်တင်ရှင် ခရစ်တော်ယေဇူးကို လည်းကောင်း၊ ဆေးကြောခြင်း မင်္ဂလာတစ်ပါးတည်းကို လည်းကောင်း၊ သမ္မာကျမ်းစာတစ်ခုတည်းကို လည်းကောင်း ကျွန်ုပ်တို့နှင့်အတူ ယုံကြည်ကြသော်လည်း ပုပ်ရဟန်းမင်းကြီး၏ အခွင့်အာဏာတော်ကို လက်မခံခဲ့ကြချေ။ ခရစ်တော်ယေဇူးသည် ဒုက္ခစရိယာခံတော်မမူမီ - အို့အဖ သူတို့အဖို့သာ (တပည့်တော်ကြီးများ) ကျွန်ုပ်ဆုတောင်းသည်မဟုတ်။ သူတို့၏ ဟောပြောခြင်းအားဖြင့် အကျွန်ုပ်ကို ယုံကြည်ကြသော သူတို့အဖို့လည်း ဆုတောင်းပါ၏။ ကိုယ်တော်သည် ကျွန်ုပ်အား စေလွှတ်တော်မူသည်ကို လောကီသားတို့သည် ယုံကြည်ကြမည် အကြောင်း ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်စေခြင်းငှာ ဆုတောင်းပါ၏။ (ယော ၁၇း ၂၀ - ၂၂)ဟု ခမည်းတော်ဘုရားအား ဆုတောင်းခဲ့သည်။ ကျွန်ုပ်တို့သည် အကျင့်စရိတ္တ ကောင်းမွန်ခြင်းအားဖြင့် လောက၏ ဆားနှင့် လောက၏ အလင်းများ ဖြစ်ကြ၍ သမ္မာကျမ်းစာတော်ကို သစ္စာရှိစွာ လိုက်နာပြီး ခရစ်တော်ယေဇူး၏ အလိုဆန္ဒတော်ကို ဖြည့်ဆည်းကြပါစို့။

(ခ) သန့်ရှင်းစင်ကြယ်ခြင်း

          အသင်းတော်ကို တည်ထောင်တော်မူခဲ့သော ခရစ်တော်ယေဇူးသည် သန့်ရှင်းသော ပုဂ္ဂိုလ်တော်မြတ်ဖြစ်သည်။ ထို့ကြောင့် အသင်းတော်သည်လည်း သန့်ရှင်းစင်ကြယ်၏။ သန့်ရှင်းစင်ကြယ်ခြင်းငှာ နည်းလမ်းများကိုလည်း အသင်းတော်သူ၊ အသင်းတော်သားများ အားပေးတော်မူ၏။ ဤနည်းလမ်းတို့ကို သစ္စာရှိစွာ လိုက်နာကြသဖြင့် များစွာသော ဘာသာဝင်တို့သည် ရဟန္တာအဖြစ်သို့ ချီးမြှောက်ခြင်းခံကြရသည်။ သို့သော် ထိုအသင်းတော်တွင် ပါဝင်ကြသော ဘာသာသူတိုင်း သန့်ရှင်းကြသည်ဟု ဆိုလိုခြင်းမဟုတ်၊ = သခင် သခင်ဟု ငါ့ကို လျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည် မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ အလိုတော်ကို ဆောင်ရွက်သော သူသာလျှင် ဝင်ရလိမ့်မည်။+ (မဿဲ ၇း ၂၁) ဟု ခရစ်တော်ယေဇူးကိုယ်တော်တိုင် မိန့်တော်မူခဲ့သည်။ 

(ဂ) အရပ်ရပ်တိုင်း၌ အစဉ်တည်ရှိနေခြင်း

          ခရစ်တော်ယေဇူးသည် အသင်းတော်တည်ထောင်ခဲ့သည့် အချိန်မှစ၍ ကမ္ဘာကုန်သည့်တိုင်အောင် လူမျိုးတကာတို့အလယ်၌ ထင်ရှားစွာတည်ရှိနေသည်။ ကက်သလစ်ဟူသော ဝေါဟာရသည် ဂရိဘာသာဖြစ်၍ = တစ်ကမ္ဘာလုံး (သို့) စကြဝာတစ်ခုလုံးနှင့် ဆိုင်သည်။+ ဟု အဓိပ္ပာယ်ရသည်။ ခရစ်တော်ယေဇူးသည် မိမိ၏ တပည့်တော်ကြီးတို့အား = ကမ္ဘာအရပ်ရပ်သို့ သွားကြလျှက် တိုင်းနိုင်ငံအားလုံးတို့အား ငါ၏ တပည့်များဖြစ်ကြလော့။+ (မဿဲ ၂၈း ၁၉ - ၂၀) ဟု မိန့်တော်မူသည်။ ထိုစေလွတ်တာဝန်ပေးချက်အရ ကက်သလစ် အသင်းတော်သည် နှစ်ပေါင်းနှစ်ထောင်ပတ်လုံးလုပ်ဆောင်လာခဲ့သည်ဖြစ်၍ ကမ္ဘာလူသားအတွက် ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်၌ ကျွန်ုပ်တို့အားလုံးသည် မိသားစုဝင်များဖြစ်လာကြသည်။ 

(ဃ) တမန်တော်တို့မှ အဆက်ဆက်ဆင်းသက်လာခြင်း

          ခရစ်တော်ယေဇူး မိန့်တော်မူခဲ့သော သွန်သင်ချက်များနှင့် ဖြူစင်သန့်ရှင်းခြင်း နည်းလမ်းများကို စုံလင်စွာ ထိန်းသိမ်းစောင့်ရှောက်ရန် အုပ်ချုပ်သူပုဂိုလ်များကို မိမိ၏ ကိုယ်စားလှယ်များအဖြစ် ခန့်ထားတော်မူသည်။ အသင်းတော်ကြီးကို အုပ်ချုပ်စီမံသည့် သိုးထိန်းတို့အား ခရစ်တော်ယေဇူးသည် အာဏာတော်ကို လွှဲအပ်၍ = သင်တို့ကို နာခံသောသူသည် ငါ့ကို နာခံ၏။ သင်တို့ကို မခန့်မညှားပြုသော သူသည် ငါ့ကို မခန့်မညှားပြု၏။ + (လု ၁၀း ၁၆) ဟု မိန့်တော်မူသည်။ ခရစ်တော်ယေဇူး တည်ထောင်တော်မူခဲ့သော အသင်းတော်၏ သိုးထိန်းများမှာ တပည့်တော်ကြီး (၁၂)ပါးနှင့် သူတို့၏ အရိုက်အရာများကို ဆက်ခံကြသော ပုဂိုလ်များဖြစ်ကြသည်။ တပည့်တော်ကြီး သံပေတရု၏ အရိုက်အရာကို ဆက်ခံသော ရဟန်းမင်းကြီးသည် အသင်းတော်၏ ထင်ရှားသော ခေါင်းဆောင်ပင်ဖြစ်သည်။
          ခရစ်တော်ယေဇူး၏ အသင်းတော်သည် တပည့်တော်တို့မှ အဆက်ဆက် ဆင်းသက်လာသည်။ အကြောင်းမှာ အသင်းတော်၏ အရိုက်အရာကို ဆက်ခံကြသော သူတို့သည် တပည့်တော်ကြီးများ၏ လုပ်ဆောင်ချက်များကိုလည်း ဆက်လက်ထမ်းဆောင်လျက်ရှိကြသည်။ သံပေတရုမှစ၍ ယနေ့ ရောမမြို့၌ သီးတင်းသုံးလျက်ရှိတော်မူသော ရဟန်းမင်းကြီးအထိ ရဟန်းမင်းကြီးပေါင်း (၂၆၅)ပါး ရှိခဲ့ပြီဖြစ်သည်။ ထိုသူတို့သည် အသင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်စေခြင်းငှာ ဘုရားသခင် ခန့်ထားတော်မူခဲ့သော ပုဂိုလ်များဖြစ်ကြသည်။
၃။ အသင်းတော်ညှဉ်းပမ်းနှိပ်စက်မှု ခံရခြင်း
          ခရစ်တော်ယေဇူး တည်ထောင်တော်မူသော နိုင်ငံတော်သည် ဤလောကနှင့် မဆိုင် ထာဝရသုခချမ်းသာနှင့်သာ ဆိုင်တော်မူသဖြင့် သွန်သင်တော်မူသော တရားတော်သည်လည်း လောက၏အတွေးအခေါ်၊ အယူအဆများနှင့် ဆန့်ကျင်သောကြောင့် နတ်ဆိုးသည် ခရစ်တော်ယေဇူးတည်ထောင်ခဲ့သော အသင်းတော်ကို ဖျက်ဆီးရန် အားထုတ်လာသည်။ အသင်းတော်သည် တည်စကတည်းကပင် ညှဉ်းပမ်းနှိပ်စက်ခြင်းခံခဲ့ရသည်။ ၎င်းညှင်းပမ်းနှိပ်စက်ခြင်းများသည် အသစ်မွေးဖွားခါစဖြစ်သော ကက်သလစ်အသင်းတော်ကို တိုက်ခိုက်ဆန့်ကျင်၍ ပျက်စီးခါနီးသို့ ရောက်စေသော်လည်း ခရစ်တော်ယေဇူး၏ စောင့်မတော်မူခြင်းဖြင့် အသင်းတော်သည် လွတ်မြောက်ခြင်းသို့ ရောက်ခဲ့သည်။ ဂျူးတို့သည် တမန်တော်တို့ကို ဖမ်းဆီး၍ ထောင်ထဲ၌ လှောင်ထားပြီးနောက် သူတို့ကို ရိုက်နှက်ကြသည်။ သံစတီးဖင်းသည် ကျောက်ခဲဖြင့် ပေါက်သတ်ခြင်း ခံခဲ့ရသည်။ စောလူးသည် နောင်တမရသေးသော ကာလာတွင် အသင်းတော်ကို ဖျက်ဆီးလိုသော စိတ်ဖြင့် ခရစ်တော်ယေဇူးကို ယုံကြည်သော သူများကို ယောက်ျား မိန်းမ မရွေးပဲ ဖမ်းဆီးထောင်ချခဲ့သည်။
          တပည့်တော်အားလုံးတို့သည် မိမိအသွေးများကို သွန်းလောင်းခြင်းဖြင့် မိမိတို့ ဟောပြောသော ဘာသာတရားမှန်ကန်ကြောင်း သက်သေခံခဲ့ကြသည်။ နေရိုးဘုရင်လက်ထက်၊ ခရစ်သက္ကရာဇ် (၆၇)ခုနှစ်တွင် ပေါလုသည် ရောမမြို့သို့ ပြန်သွား၍ ပေတရုနှင့်အတူ တရားတော်အတွက် သက်သေခံခဲ့သည်။ သံပေါလုသည် ခေါင်းဖြတ်ခြင်းခံရ၍ သံပေတရုကား လက်ဝါးကပ်တိုင်၌ အသတ်ခံရသည်။ တပည့်တော်ကြီးများ၏ အရိုက်အရာကို ဆက်ခံကြသော သူတို့သည် စိတ်အားထက်သန်ခြင်းနှင့် ခရစ်တော်ယေဇူး၏ တရားဒေသနာတော်ကို ဆက်လက်ဟောပြောကြလျက် တပည့်တော်ကြီးများနည်းတူ အသက်စတေးကြရသည်။ လွန်ခဲ့သော (၂၀)ရာစုအတွင်း အသင်းတော်၏ ရာဇာဝင်၌ မြောက်များစွာသော သိုးထိန်းများနှင့် သိုးများတို့သည် ညှဉ်းဆဲခြင်းမျိုးစုံကို ခံခဲ့ကြရသဖြင့် တရားတော်အတွက် ပထမဦးစွာ အသေခံတော်မူခဲ့သော ခရစ်တော်ယေဇူးကို အတုယူခဲ့ကြသည်။
၎။ သူတော်သူမြတ်အပေါင်းတို့သည် တစ်လုံးတစ်ဝတည်းရှိကြခြင်း
(က) ခရစ်တော်ယေဇူး၏ နက်နဲရာ ခန္ဓာတော်
          ကောင်းကင်ဘုံ၌ရှိသောသူများ၊ ဤလောက၌ရှိသောသူများနှင့် ငရဲငယ်၌ အပြစ်ဒဏ် ဆပ်ဖြေနေသော သူများသည် သူတော်သူမြတ်များ ဖြစ်ကြသည်။ ဤအုပ်စု သုံးစုတို့သည် ဦးခေါင်းဖြစ်တော်မူသော ခရစ်တော်ယေဇူးနှင့် သူ၏ကိုယ်ခန္ဓာ အစိတ်အပိုင်းများ ဆက်နွယ်သကဲ့သို့ အချင်းချင်းပေါင်းစပ်လျက်ရှိကြသည်။ ဤပေါင်းစပ်ခြင်းသည် ခရစ်တော်၏ နက်နဲလှသော ခန္ဓာတော်ပင်ဖြစ်သည်။
          ဦးခေါင်းသည် ကျွန်ုပ်တို့ကိုယ်ခန္ဓာ၏ အဓိကကျသော အစိတ်အပိုင်းဖြစ်၍ ကျွန်ုပ်တို့ အသက်၊ အသိဥာဏ်၊ စိတ်သဘောထား၊ စွမ်းအင်သတ္တိနှင့် အာရုံခံစားမှုတို့၏ အဓိကကျသော အချက်အခြာဖြစ်သည်။ ကိုယ်ခန္ဓာ၌ရှိသမျှသော အစိတ်အပိုင်းတို့သည် ဦးခေါင်းနှင့်ဆက်စပ်မှု ရှိမှသာလျှင် အချင်းချင်းတစ်ပေါင်းတစ်စည်းတည်းဖြစ်၍ ကျန်းမာဖွံ့ဖြိုးစွာ ရှင်သန်ကြီးထွားနိုင်ပေမည်။ အကယ်၍ ကိုယ်ခန္ဓာအစိတ်အပိုင်း တခုခုသည် ဦးခေါင်းနှင့် ကင်းကွာသွားပါက ၎င်းသည် မရှင်သန်နိုင်တော့ပဲ အသက်ဆုံးရှုံးခြင်းသို့ ရောက်ပေမည်။
          ထိုနည်းတူ ကျွန်ုပ်တို့၏ ဝိညာဉ်သည်လည်း ရှင်သန်ကြီးထွားရန် ဦးခေါင်းဖြစ်သော ခရစ်တော်ယေဇူးနှင့်အတူ မပေါင်းစပ်လျှင် ဝိညာဉ်၏အသက်ဖြစ်သော သန့်ရှင်းခြင်း ကျေးဇူးတော်သည်လည်း မတည်မြဲနိုင်ပေ။ ကျွန်ုပ်တို့သည် ခရစ်တော်ယေဇူးအားဖြင့် သန့်ရှင်းခြင်းနှင့် ပါရာမီအဖြာဖြာတို့၏ အသီးအပွင့်တို့ကို လက်ခံရရှိနိုင်မည် ဖြစ်သည်။
(ခ) အသင်းတော်၌ အုပ်စု(၃)စုတို့ အချင်းချင်းကူညီကြ၍ အကျိုးခံရခြင်း
          ဘုရားရှင်း၏ ရွှေမျက်နှာတော်ကို ဖူးမြင်ကြရသော သူတော်သူမြတ်တို့အား အကူအညီတောင်းလျှောက်လျှင် ကျွန်ုပ်တို့အတွက် ဘုရားသခင်ထံ ကူညီတောင်းလျှောက်ပေကြသည်။ ကျွန်ုပ်တို့သည် ငရဲငယ်၌ အပြစ်ဒဏ်ဆပ်ဖြေနေကြသော ဝိညာဉ်များအတွက် ဆုတောင်းပေးကြလျှင် ၎င်းဝိညာဉ်များသည် ငရဲမှ လွတ်မြောက်နိုင်သည်။ ဤလောက၌ ရှိနေကြသော ဘာသာသူများသည် မိမိတို့ပြုသော ဆုတောင်းမေတ္တာ ကောင်းမှုကုသိုလ်များအားဖြင့် အပြန်အလှန်လိုအပ်သော အကျိုးကျေးဇူးများကို ပေးဝေခံစားကြရသည်။
(ဂ) သမ္မာကျမ်းစာနှင့် ရှေးထုံးတမ်းစဉ်လာ
          ရှေးယခင်ကကဲ့သို့ ဘုရားရှင်သည် မိမိ၏ အသင်းတော်ကြီးအား သမ္မာကျမ်းစာတော်နှင့် သန့်ရှင်းမူမြတ်သော ရှေးထုံးတမ်းစဉ်လာများဖြင့် သွန်သင်လမ်းညွန်တော်မူခဲ့သည်။ ဘုရားရှင်၏ အစဉ်လမ်းညွှန်မှုကြောင့် အမိအသောင်းတော်သည် သမ္မာကျမ်းစာနှင့် ရှေးထုံးတမ်းအစဉ်အလာများကို တိကျမှန်ကန်စွာ ရှင်းလင်းဖော်ပြပေးနိုင်သည်။ ဤသည်မှာ မမှားမယွင်းနိုင်သည့် အသင်းတော်၏ သွန်သင်ပိုင်ခွင့်အာဏာဖြစ်၍ ဘုရားရှင်ထံမှ လက်ခံရရှိသော ကျေးဇူးတော်လည်းဖြစ်သည်။ အမိအသင်းတော်တည်တံ့စေရန် တိကျမှန်ကန်သော အယူဝါဒကို ဟောကြားနိုင်ရန် သမ္မာကျမ်းစာတော် ရှေးထုံးတမ်းအစဉ်အလာနှင့် သွန်သင်ပိုင်ခွင့်အာဏာတည်း ဟူသော  အချက်များသည် ဖိုခနောက် သုံးပွင့်ဆိုင် သကဲ့သို့ မရှိမဖြစ်လိုအပ်သော အချက်များ ဖြစ်သည်။ 
>>> ယုံကြည်ခြင်းအချုပ်၏ ဒသမပိုဒ် >>>


Previous
Next Post »