ယုံကြည်ခြင်းအချုပ်၏ ဒုတိယပိုဒ်

ယုံကြည်ခြင်းအချုပ်၏ ဒုတိယပိုဒ်

== ခမည်းတော်၏ တစ်ပါးတည်းသော သားတော်ခရစ်တော်ယေဇူး ကျွန်ုပ်တို့၏သခင်သည် ++


၁။ ခရစ်တော်ယေဇူး၏ အဖြစ်တော်

          ခရစ်တော်ယေဇူးသည် ကျွန်ုပ်တို့အတွက် လူ့အဖြစ်ကို ယူဆောင်တော်မူသော သားတော်ဘုရားဖြစ်သည်။ ကိုယ်တော်သည် ဘုရားစင်စစ်၊ လူစင်စစ် ဖြစ်တော်မူသည်။ အဓိပ္ပာယ်မှာ ခရစ်တော်ယေးဇူးသည် လူစင်စစ်ဖြစ်တော်မူသည်နှင့်အညီ ကျွန်ုပ်တို့ကဲ့သို့ ကိုယ်ကာယနှင့် ဝိညာဉ်တည်းဟူသော လူ့ဇာတိရှိသည်။ ကျွန်ုပ်တို့ကဲ့သို့ ယေဇူးသခင်သည် လူ့ဇာတိအပြည့်အဝရှိသည်။ ကျွန်ုပ်လူသားကဲ့သို့ မောပန်ခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ဆင်းရဲခြင်း စသောခံစားချက်များကို ခံတော်မူခဲ့သည်။ ခရစ်တော်ယေဇူးသည် လူစင်စစ်ဖြစ်တော်မူသည်နှင့် ပုဂိုလ်သုံးပါး၌ ဒုတိယ ပုဂိုလ်တည်းဟူသော သားတော်ဘုရားလည်းဖြစ်သည်။ ခရစ်တော်ယေဇူးသည် ဘုရားအဖြစ်တော်နှင့်ဆိုင်ရာ ဂုဏ်တော်အပေါင်းတို့နှင့်လည်း ပြည့်စုံတော်မူသည်။ ထာဝရမှ တည်ရှိတော်မူခဲ့ခြင်းကြောင့် ခမည်းတော်မှ ဆင်းတက်လာ၍ အစဉ်ထာဝရဘုရားရှင် ဖြစ်သည်။ သို့သော်လည်း ခရစ်တော်ယေဇူးသည် မယ်တော်သခင်မ၏ ၀မ်းတော်၌ လူ့အဖြစ်တော်ကို ယူတော်မူသောအချိန်မှစ၍သာလျှင် လူဖြစ်တော်မူသည်။ သားတော်ဘုရားသည် လူ့အဖြစ်ကို ယူဆောင်တော်မူပြီး ယေဇူးခရစ်တော်၏ ဘွဲ့နာမတော်ကို ခေါ်ဝေါ်သမုတ်ခြင်းကို ခံယူတော်မူသည်။ ယေဇူးဟူသော နာမတော်ကား ကယ်တင်ရှင်ဟု အဓိပ္ပာယ်ရပြီး ခရစ်တော်ဟူသောအမည်ကား ဆီလူးခြင်းခံရသူဟု အဓိပ္ပာယ်ရသည်။ ခရစ်တော် ယေဇူး လူစင်စစ်ဖြစ်တော်မူခြင်းကား ခရစ်တော်တရားတော်မြတ်၏ ယုံကြည်ရာအခြေခံအချက်ပေဖြစ်သည်။ သို့ဖြစ်၍ ကိုယ်တော်၏ ဘုရားအဖြစ်တော်ကို ယုံကြည်သော သူအပေါင်းတို့သည် ခရစ်ယာန်ဘာသာသူများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် မိစ္ဆားတရားတွင် ရွတ်ဆိုသကဲ့သို့ ယုံကြည်ခြင်းနှင့် ချစ်လေးမြတ်ခြင်းဖြင့် ယေဇူးကိုယ်တော်အား ချီးမွမ်းကြသည်မှာ = ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ အရှင်သခင်ဖြစ်တော်မူ၏။ အမြင့်မြတ်ဆုံးဖြစ်တော်မူ၏။ +


၂။ ဝမ်းမြောက်ရာသတင်း ကျမ်းလေးစောင်

သမ္မာကျမ်းစာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ကျေးဇူးတော်လမ်းညွှန်မှုဖြင့် ရေးသားထားသော ဘုရား၏ နှုတ်ကပတ်တော်ဖြစ်သည်။ သမ္မာကျမ်းစာကို (၂)ပိုင်း ခွဲခြားထားသည်။ ခရစ်တော်မပေါ်မီ ရေးသားထားသော ဓမ္မဟောင်းကျမ်းနှင့် ခရစ်တော် ပေါ်ပြီးနောက် ရေးသားထားသော ဓမ္မသစ်ကျမ်းဟူ၍ဖြစ်သည်။
          ဓမ္မသစ်ကျမ်းစာအုပ်များထဲမှ ဝမ်းမြောက်ရာ သတင်းကျမ်းများသည် အရေးကြီးဆုံးနှင့် အမွန်မြတ်ဆုံးသော ကျမ်းများ ဖြစ်ကြသည်။ အကြောင်းမှာ ခရစ်တော်ယေဇူး ကိုယ်တော်တိုင် ဤလောက၌ လူ့အဖြစ်နှင့် အသက်ရှင်နေထိုင်သော ဘ၀အသက်တာကို ရှင်မဿဲ၊ ရှင်မာကု၊ ရှင်လုကာနှင့် ရှင်ယောဟန်တို့မှ စီရင်ရေးသားခဲ့သောကြောင့် ဖြစ်သည်။ ဝမ်းမြောက်ရာ သတင်း ကျမ်းစာ၌ ခရစ်တော်ယေဇူး၏ ရာဇာဝင် အတုပ္ပတ္တိ၊ တရားဒေသနာတော်နှင့် ပြတော်မူသော တန်ခိုးလက္ခဏာများ ပါရှိသည်။ ဝမ်းမြောက်ရာ သတင်းဟူသည် = ဝမ်းမြောက်ဘွယ်ရာ သတင်းစကား + ဟုအဓိပ္ပာယ်ရသည်။ ခရစ်တော်သည် နတ်ဆိုးတို့၏ကျော့ကွင်းမှ ကျွန်ဖြစ်သော ကျွန်ုပ်တို့ လူသားများကို ကယ်ချွတ်ရန် လူ့အဖြစ်ကို ယူတော်မူသောကြောင့် ကိုယ်တော်၏ သက်သေတော်၊ အဖြစ်အပျက် တရားဒေသနာတော်တို့သည် လူသားတစ်မျိုးလုံးအတွက် ဝမ်းမြောက်စရာ အကြောင်းဖြစ်ပေသည်။ အသင်းတော်ကို ယေဇူးကိုယ်တော်၏ နှုတ်ထွက်စကားကဲ့သို့မှတ်ယူ၍ ရိုသေခြင်းဖြင့် စောင့်ထိန်းရန်၊ ယုံကြည်ခြင်းဖြင့် ဖတ်ရှုရန် ယုံကြည်သော ဘာသာသူများအား လေးနက်စွာ တိုက်တွန်းထားသည်။ 



၃။ ခရစ်တော်ယေဇူး၏ မထင်ရှားသောအသက်တာ


          ခရစ်တော်ယေဇူး၏ အကြောင်းအရာ၊ အတ္ထုပ္ပတ္တိကို ရှင်မဿဲ၊ ရှင်မာကု၊ ရှင်လုကာနှင့် ရှင်ယောဟန်တို့ ရေးသားထားကြသော ဝမ်းမြောက်ဘွယ်ရာသတင်း ကျမ်းစာစောင် ၌ ဖော်ပြထားလျက်ရှိသည်။
          ခရစ်တော်ယေဇူးသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသနေယူတော်မူပြီး ကညာမာရိယာမှ ဖွားမြင်တော်မူသည်။ အစဉ်သီလနှင့် ပြည့်စုံတော်မူသော မာရိယာ၏ ငယ်ရွယ်စဉ် အချိန်ကပင် ကညာစင်ဘဝဖြင့် တသက်လုံးနေထိုင်ရန် ကတိသစ္စာပြုခဲ့သည်။ သံဂျိုးဇက်နှင့် လက်ထပ်ထိမ်းမြားခဲ့သော်လည်း မောင်နှမအဖြစ်သာ နေထိုင်ကြပြီး နှစ်ဦးစလုံးသည် ကညာစင်ပါရမီကို အစဉ်အမြဲ ထိန်းသိမ်းကြသည်။
          ခရစ်တော်ယေဇူးသည် အာရှတိုက် အနောက်ပိုင်း ပါလက်စတိုင်း (သရေလ)ပြည်၊ ဗက်သလင်မြို့နှင့် မနီးမဝေရှိ ဆင်းရဲသောနေရာ လိုဏ်ဂူတစ်ခုထဲတွင် လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀)က ဖွားမြင်တော်မူခဲ့သည်။ ကိုယ်တော်သည် ဤလောက၌ နှစ်ပေါင်း (၃၃)နှစ်တိုင် သီတင်းသုံးနေထိုင်တော်မူခဲ့သည်။ ထို(၃၃)နှစ် အချိန်ကလကို နှစ်ပိုင်းခွဲထားပါသည်။ (၁) မွေးဖွားခံတော်မူသည်မှ ယောဟန်ဗတ္တိဇံထံ ဆေးကြောခြင်းခံတော်မူသည့်အချိန်ကာလ (၂) တရားဒေသနာတော်ဟောတော်မူသည့်အချိန်မှ အသက်တော်စွန့်တော်မူသည့် အချိန်ကာလ ဟူ၍ ဖြစ်သည်။
          ခရစ်တော်ယေဇူးသည် ဗက်သလင်မြို့၌ ဖွားမြင်တော်မူပြီး အသက်(၃၀)နှစ်တိုင် နာဇရက်မြို့တွင် မထင်မရှားသောဘဝဖြင့် နေထိုင်တော်မူခဲ့သည်။ ထိုအချိန်ကာလအတွင်း မယ်တော်မာရိယာနှင့် စိန်ဂျိုးဇက်တို့၏ သွန်သင်ဆုံးမခြင်းကို နာခံလျက် ဥာဏ်ပညာတိုးပွားလာပြီး ခမည်းတော်ဘုရား ရှေ့မျက်မှောက်တွင်မက လူတို့ရှေ့တွင်လည်း မျက်နှာပွင့်လန်းတော်မူသည့်အပြင် နှိမ့်ချခြင်း၊ ဆိတ်ငြိမ်စွာနေခြင်း နာခံခြင်းတို့ဖြင့် ကျင့်ကြံနေထိုင်ခဲ့သည်။
          ကျွန်ုပ်တို့၏ လမ်း၊ သမ္မာတရားနှင့် အသက်ဖြစ်တော်မူသော ယေဇူးကိုယ်တော်ကို ခိုင်မြဲသော ယုံကြည်ခြင်း လက်ခံ၍ ကိုယ်တော်၏ ပုံစံကောင်းများကို နှိမ့်ချသောစိတ်ဖြင့် လိုက်နာအတုယူကြစို့။



၎။ ခရစ်တော်ယေဇူး၏ ထင်ရှားသော အသက်တာ

(က) ကက်သလစ်အသင်းတော်ကို တည်ထောင်ခြင်း

          ခရစ်တော်ယေဇူးသည် အသက်တော်(၃၀)ပြည့်သောအခါ ဂျော်ဒန်မြစ်၌ သံယောဟန် ပတ္တိဇံထံမှ ဆေးကြောခြင်းခံတော်မူပြီးလျှင် ဆိတ်ငြိမ်ရာ တောကန္တာရသို့သွားပြီး ရက်ပေါင်း(၄၀)တိုင် ဆုတောင်းမေတ္တာ ကမ္မဌာန်းစီဖြန့်ခြင်း၊ ခြိုးခြံခြင်းနှင့် ဝါရှောင်ခြင်းအမှုတို့ကို ကျင့်ဆောင်မူ၍ နတ်ဆိုး၏ နှောင့်ယှက်ခြင်းအမျိုးမျိုးကို ခံတော်မူခဲ့သည်။ ထိုစုံစမ်းခြင်းနှောင့်ယှက်ခြင်းများကို အောင်မြင်ပြီးနောက် ကိုယ်တော်သည်ဆက်လက်၍ သုံးနှစ်တိုင် တရားဒေသနာတော်မြတ် ဟောပြောခြင်း၊ များစွာသော တန်ခိုးလက္ခဏာများ ပြသခြင်းအမှုတို့ကို ပြုလုပ်ပြီး အသင်းတော်ကြီးကို တည်ထောင်တော်မူခဲ့သည်။ အသင်တော်ကြီးကို တည်ထောင်ရန် တပည့်တော်ကြီး (၁၂)ပါးတို့ကို ရွေးကောက်တော်မူခဲ့ပြီး ၎င်းတို့ကို ခရစ်တော်ယေဇူး ကိုယ်တော်တိုင်သွန်သင် ညွှန်ကြား တော်မူခဲ့ပေသည်။ စက္ကမင်းမင်္ဂလာနှင့် ဆိုင်သော အခွင့်အာဏာများကိုလည်း အပ်နှံတော်မူခဲ့သည်။ တပည့်တော်ကြီးများအနက် သံပေတရုကို အကြီးအကဲအဖြစ် ခန့်ထားတော်မူခဲ့သည်။ ကိုယ်တော်သည် ကပ်ကမ္ဘာကုန်သည့်တိုင် တပည့်တော်များနှင့်အတူရှိနေတော်မူမည့်အကြောင်းကို ကတိထားတော်မူပြီး အသင်းတော်ကြီးကို တည်ထောင်တော်မူခဲ့သည်။

(ခ) ခရစ်တော်ယေဇူး၏ တရားဒေသနာတော်

          ခရစ်တော်ယေဇူးသည် သုံးနှစ်တာအချိန်ကာလအတွင်း ပါလက်စတိုင်းပြည်တစ်ခွင်လုံးရှိ ကျေးရွာများသို့ လှည့်လည်တော်မူ၍ တရားဒေသနာတော်မြတ်ကို ဟောပြောတော်မူခဲ့သည်။ လူအပေါင်းတို့အား ထာဝရသုခချမ်းသာရနိုင်ရန် ဘုရားသခင်၏အလိုတော်အတိုင်း မည်သည့်အရာတို့ကို ယုံကြည်ရမည်၊ ကျင့်ဆောင်ရမည်တို့ကို မြွက်ကြားတော်မူခဲ့သည်။ ကိုယ်တော်သွန်သင်တော်မူသော ဝမ်းမြောက်ဖွယ်ရာ သတင်းတည်းဟူသော ဒေသတရားတော်၏ အဓိကအချက်များမှာ မိမိသည်ဘုရား၏ သားတော်ဖြစ်တော်မူကြောင်း၊ ကမ္ဘာတည်စမှ ကတိထားတော်မူသော ကျွန်ုပ်တို့၏ မျော်လင့်ရာဖြစ်သော မယ်ဆီးယား = ကယ်ချွတ်တော်မူသော သခင်+ ဖြစ်တော်မူကြောင်း၊ ဘုရားတစ်ဆူ တည်းရှိ၍ ထိုဘုရားတစ်ဆူ၌ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူ၍ ပုဂိုလ်သုံးပါးရှိတော်မူကြောင်း၊ ကောင်းကင်ဘုံ၌ ကိန်းဝပ်တော်မူသော ဘုရားသခင်သည် ကျွန်ုပ်တို့ချစ်ခင်ထိုက်သော အဘဖြစ်၍ ဤလောက၌ရှိသော ကျွန်ုပ်တို့သနားကြင်နာခြင်း၊ အတုမရှိရွှေဥာဏ်တော်ဖြင့် စောင့်ရှောက်တော်မူကြောင်း (မဿဲ ၇)၊ ထာဝရချမ်းသာကို ခံစားရန် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့စိတ်အားရှိသမျှ ချစ်ရမည်။ မိမိနှင့် နီးစပ်သောသူတို့ကိုလည်း ကိုယ်နှင့်အမျှချစ်ရမည် ဟူသော ပညတ်တော်ကို လိုက်နာရမည့်အကြောင်း (မဿဲ ၂၂)၊ ကယ်တင်ခြင်းသို့ ပို့သောလမ်းသည် ကျဉ်းမြောင်း၍ထိုက်တန်သော တပည့်များဖြစ်ကြရန် မိမိကိုယ်ကို ငြင်းပယ်ရမည့်အကြောင်း၊ မိမိ၏လက်ဝါးကပ်တိုင်ကို နေ့စဉ်ထမ်း၍ ကိုယ်တော်၏နောက်သို့လိုက်ရမည့်အကြောင်း (မဿဲ ၁၆)၊ ကိုယ်တော်သည် နောက်ဆုံးနေ့၌ ကောင်းကင်တမန်တော်များနှင့်အတူ ကြွလာပြီးလျှင် လူအပေါင်းတို့အား မိမိတို့၏အကျင့်အလျောက် အကျိုးအပြစ်ကို စီရင်ပေးတော်မူမည့်အကြောင်း (မဿဲ ၁၆) စသောအချက်များဖြစ်ကြသည်။

(ဂ) ခရစ်တော်ယေဇူးတန်ခိုးလက္ခဏာများပြသခြင်း

          ခရစ်တော်ယေဇူးသည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူကြောင်း၊ ကတိထားတော်မူရာ မယ်ဆီးယားအရှင်သခင် ဖြစ်တော်မူကြောင်းကို သက်သေပြတော်မူသည်။ မယ်ဆီးယားသည် ကယ်တင်ရှင်နှင့်စပ်လျဉ်း၍ ဟောထားချက်များကို ပြည့်စုံတော်မူသည့်အပြင် များစွာသော တန်ခိုးလက္ခဏာတို့ကို ပြသတော်မူသည်။ ကိုယ်တော်သည် ကြင်နာသနား၍ အလုံးစုံကို တတ်နိုင်တော်မူသော ပုဂိုလ်မြတ်ဖြစ်တော်မူသည်နှင့်အညီ တစ်ပါးသူများအတွက် ကောင်းမှုများပြုခဲ့သည်။ ဥပမာအားဖြင့် ရေကို စပျစ်ရည်အဖြစ်သို့ ပြောင်းခြင်း၊ မုန့်ကို ပွားများစေခြင်း၊ နူနာစွဲကပ်သူကိုကုသပေးခြင်း၊ လာဇာရူး၊ ယာာရု၏သမီးနှင့် နာအိမ်မြို့မှ မုဆိုးမတစ်ဦး၏သားတို့ကို အသက်ရှင်စေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ မွေးရာပါမျက်စိကန်းသူကို မျက်စိပြန်မြင်စေခြင်း စသော တန်ခိုးလက္ခာဏာများကို ပြုလုပ်တော်မူခဲ့သည်။ ထိုကဲ့သို့ တန်ခိုးလက္ခဏာများကို ပြုလုပ်ခြင်းအားဖြင့် ကိုယ်တော်သည် ဘုရားဖြစ်တော်မူသည့်အကြောင်းကို ထင်ရှားစေတော်မူသည်။ အကြောင်းမှာ ထိုအံ့ဖွယ်တန်ခိုးများကို ဘုရားသခင်တစ်ပါးတည်းသာလျှင် ပြုလုပ်နိုင်သောကြောင့် ဖြစ်သည်။ ခရစ်တော်ယေဇူးပြတော်မူခဲ့သော တန်ခိုးလက္ခဏာများအနက် မိမိကိုယ်တော်တိုင် သေလွန်ပြီး တတိယနေ့၌ရှင်ပြန်ထမြောက်တော်မူခြင်းသည် အကြီးမြတ်ဆုံးသော တန်ခိုးလက္ခဏာဖြစ်သည်။ ကျွန်ုပ်တို့၏ဝိညာဉ်၊ ကာယနှင့် ဆိုင်သော ကောင်းမှုအဖြာဖြာတို့ကို ကိုယ်တော်၏ရွှေလက်တော်မှ နေ့စဉ်နှင့်အမျှ လက်ခံရရှိသည်ကို အောက်မေ့ကြစို့။
          သို့ဖြစ်၍ ကိုယ်တော်ကို အမြဲရှိခိုးကိုးကွယ်ရမည်။ ခံယူသော ကျေးဇူးတော်များအတွက် ကျေးဇူးဆပ်တင်ရမည်။ ကိုယ်တော်ကို အကြွင်းမဲ့ချစ်ရမည်။ ကိုယ်တော်၏ ပညတ်တော်များကို အကုန်အစင်စောင့်ထိန်း၍ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကို စိုးပိုင်အုပ်ချုပ်တော်မူသော အရှင်မြတ်ဖြစ်တော်မူကြောင်းကို သိမှတ်ဝန်ခံရမည်။
 
 

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng