ယုံကြည်ခြင်းအချုပ်၏
တတိယပိုဒ်
= သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိပန္ဓေယူတော်မူ၍
ကညာမာရိယာမှ ဖွားမြင်တော်မူသည်။ ++
၁။
မယ်တော်မာရိယာကတိသစ္စာပြုခြင်း
မယ်တော်မာရိယာသည် စိန်ဂျိုးဇက်နှင့် ထိမ်းမြားပြီးနောက်
အတူနေခြင်းမရှိပဲ သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် မိမိ၏ဝမ်းတော်၌ ခရစ်တော်ယေဇူးကို
ပဋိပန္ဓေစွဲတော်မူခဲ့သည်။
အသင်းတော်၏ကျမ်းရေးသူများ ရေးသားဖော်ပြထားသည့်အတိုင်း
မာရိယာသည် ကညာစင်ဘဝနှင့် တစ်သက်လုံးနေထိုင်ရန် ဘုရားသခင်ထံတော်မှ ထိုအမှုကို ဆောင်ရွက်မည့်အကြောင်း
ငယ်စဉ်ကတည်းက သစ္စာအဓိဌာန်ပြုထားခဲ့သည်။ ဘုရားသခင်သည် မာရိယာကို လူ့အဖြစ်ခံယူတော်မူသော
သားတော်ယေဇူး၏ မယ်တော်အဖြစ် ရွေးချယ်တော်မူသောကြောင့် မိမိကိုယ်တော်တိုင် မာရိယာ၏စိတ်နှလုံးကို
ပိုင်ဆိုင်သော အရှင်သခင် ဖြစ်တော်မူသည်။ ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းကျေးဇူးတော်အားဖြင့်
မာရိယာသည် တစ်သက်လုံးကညာစင်ဘဝဖြင့် နေထိုင်ရန် အကျင့်သီလကို စောင့်ထိန်းပါမည့်အကြောင်း
ကတိသစ္စာပြု၍ မိမိ၏စင်ကြယ်သော စိတ်နှလုံးကို ဘုရားအား ပူဇော်ခဲ့သည်။
၂။
မယ်တော်မာရိယာနှင့် စိန်ဂျိုးဇက်တို့၏ စေ့စပ်ခြင်း
မယ်တော်မာရိယာသည် အသက်(၁၅ - ၁၆)နှစ်ပြည့်သောအခါ
ထုံးစံဥပဒေအတိုင်း လက်ထပ်ထိမ်းမြားရသော အရွယ်ဖြစ်၍ အကျင့်သီလနှင့် ပြည့်စုံသော ဂျိုးဇက်ဟုခေါ်သည့်
လက်သမားတစ်ဦးနှင့် စေ့စပ်ထားခဲ့သည်။ ဂျူးလူမျိုးတို့၏ ထုံးတမ်းစဉ်လာ အရ စေ့စပ်ပြီး
နောက်တစ်နှစ်ကြာသောအခါမှသာ သတို့သမီးသည် သတို့သားအိမ်သို့ သွားပြီး မင်္ဂလာဆောင်ခြင်း
အမှုကို ပြုလေ့ရှိသည်။ ထိုအချိန်တွင် သိကြားမင်း ဂါဗြီအဲလ်သည် မယ်တော် မာရိယာအား အမိန့်တော်ကို
ပြန်ခဲ့သည်။
မယ်တော်မာရိယာသည် ကညာစင်ဘဝဖြင့်နေထိုင်ရန်
ကတိသစ္စာပြုထားသော်လည်း ဂျိုးဇက်နှင့် ထိမ်းမြားရန် စေ့စပ်ထားရခြင်းသည် ဘုရားသခင်၏
အစီအမံတစ်ရပ်ဖြစ်သည်။ မာရိယာအား ကြည့်ရှုစောင့်ရှောက်မည့်သူ၊ အထူးသဖြင့် မဟုတ်မမှန်
စွပ်စွဲခြင်းမှ ကာကွယ်ရန် ဘုရားသခင်သည် ဂျိုးဇက်အား မယ်တော်မာရိယာ၏ခင်ပွန်းအဖြစ် ရွေးချယ်ထားခြင်းဖြစ်သည်။
ဂျိုးဇက်သည် မာရိယာနှင့် ထိမ်းမြားခဲ့သော်လည်း နှစ်ဦးစလုံး၏ ကညာစင်ဘဝကို မထိခိုက်စေပဲ
ဖြူစင်စွာ နေထိုင်ခဲ့ကြသည်။
<<< ယုံကြည်ခြင်းအချုပ်၏ ဒုတိယပိုဒ် <<<
>>> ယုံကြည်ခြင်းအချုပ်၏စတုတ္ထပိုဒ် >>>
ConversionConversion EmoticonEmoticon