ယုံကြည်ခြင်း၏ ပဉ္စမပိုဒ်
= အောက်နိမ့်ရာအရပ်သို့ ဆင်းကြွတော်မူ၍ တတိယနေ့တွင် သေသည့်လူတို့အစုမှ ရှင်ပြန်ထမြောက်တော်မူသည်။+
၁။ ခရစ်တော်ယေဇူး၏ဝိညာဉ်သည် အောက်နိမ့်ရာအရပ်သို ဆင်းကြွတော်မူခြင်း
ခရစ်တော်ယေဇူး၏ ဝိညာဉ်သည် အာဒံအပြစ်ကြောင့် ပိတ်လျက်ရှိသော ကောင်းကင်တံခါးကို ဖွင့်တော်မူသည့် သခင်ကို စောင့်ငံ့နေကြသော သူတော်သူမြတ်ရှိရာသို့ ဆင်းကြွတော်မူ၍ ထိုသူသို့အား ကယ်ချွတ်တော်မူခြင်း ဝမ်းမြောက်စရာသတင်းကို မိန့်မြွက်တော်မူခဲ့သည်။
၂။ ခရစ်တော်ယေဇူးရှင်ပြန်ထမြောက်တော်မူခြင်း
ကောင်းကင်တမန်တော်သည် သင်္ချိုင်းသို့ရောက်လာကြသော မိန်းမတို့အား ပြောကြားသည်ကား = မကြောက်ကြနှင့် အကြောင်းမူကား လက်ဝါးကပ်တိုင်၌ တင်ခံရသော ယေဇူးအား သင်တို့ရှာကြသည်ကို ငါသိ၏။ ဤနေရာ၌ ကိုယ်တော်မရှိ၊ မိန့်တော်မူသည့်အတိုင်း ရှင်ပြန်ထမြောက်တော်မူပြီ။+
ခရစ်တော်ယေဇူးရှင်ပြန်ထမြောက်တော်မူကြောင်းကို ယုံမှားသံသယ မရှိနိုင်ပေ။ အကြောင်းမှာ ကိုယ်တော်သည် ရှင်ပြန်ထမြောက်တော်မူပြီးနောက် အကြိမ်ပေါင်းများစွာ၊ နည်းမျိုးမျိုးဖြင့်၊ နေရာများစွာတို့၌ တပည့်တော်တို့အား မိမိကိုယ်ကို ထင်ရှားပြသတော်မူခဲ့သည်။ တပည့်တော်ကြီးတို့သည် မာရိယာမာဒါလေနာနှင့် အခြားမိန်းမများတို့အား ခရစ်တော်ယေဇူး ရှင်ပြန်ထမြောက်တော်မူကြောင်း ပြောကြားကြသောအခါ ယုံကြည်ခြင်းမရှိကြပဲ ထိုမိန်းမများမှ စိတ်ကယောင်ချောက်ချား ဖြစ်ကြသည်ဟုသာ ယူဆခဲ့ကြသည်။
ခရစ်တောယေဇူးသည် တပည့်တော်များ၏ရှေ့တွင် ထင်ရှားပြသတော်မူသောအခါ အချို့သော သူတို့သည် ကြောက်ရွှံ့ခြင်းရှိကြ၍ ကိုယ်တော်အား တစ္ဆေသရဲဟုသာ ထင်မှတ်ခဲ့ကြသော်လည်း ကိုယ်တော်သည် ရှင်ပြန်ထမြောက်တော်မူသော သခင်ဖြစ်ကြောင်း အတိအလင်း ပြောဆိုထင်ရှားပြသောကြောင့် နောက်ပိုင်းတွင် တပည့်တော်တို့သည် ယုံမှား သံသယရှိခြင်းမှ ကင်းဝေးသွားခဲ့သည်။ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်း ကျေးဇူးတော်ကို ခံယူကြပြီးနောက် ညုင်းပမ်းနှိပ်စက်ခြင်းများ ခံခဲ့ကြရသော်လည်း မိမိ၏ အသက်ကို ရင်းပြီး ဘာသာပများအား ခရစ်တော်ယေဇူး၏ တရားတော်များကို သက်သေခံခဲ့ကြသည်။
၃။ ရှင်ပြန်ထမြောက်ခြင်းသည် ခရစ်ယာန်ဘာသာတရား၏မူလ အခြေခံအုတ်မြစ်ဖြစ်ခြင်း
သို့ဖြစ်၍ ခရစ်တော်ယေဇူး ရှင်ပြန်ထမြောက်တော်မူခြင်းသည် ခရစ်ယာန်ဘာသာတရား၏ အခြေခံအုတ်မြစ်ဖြစ်သည်။ အကြောင်းမှာ ခရစ်တော်ယေဇူး အမှန်တကယ် ရှင်ပြန်ထမြောက်တော်မူသဖြင့် ကိုယ်တော်သည် အမှန်စင်စစ် ဘုရား၏သားတော်ဖြစ်ကြောင်း ထင်ရှားသည့်အပြင် ကိုယ်တော်တည်ထောင်တော်မူသော အသင်းတော်သည်လည်း ဘုရားသခင်၏အသင်းတော်၊ ဘုရားသခင်၏ သာသနာဖြစ်ကြောင်းနှင့် ကိုယ်တော်ဟောတော်မူသော တရားဒေသနာတော်သည်လည်း မှန်ကန်ကြောင်းထင်ရှားပေသည်။
ထို့ကြောင့် ရှင်ပေါလုမှ - အကယ်၍ ယေဇူးသခင်သည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မမူလျှင် ငါတို့၏ ဟောပြောခြင်းနှင့် သင်တို့၏ ယုံကြည်ခြင်းကား အချည်းနှီးဖြစ်ပေ၏+ (၁ကော် ၁၅း ၁၄) ဟု မိန့်ဆိုခဲ့သည်။ ဂျူးလူမျိုးတို့သည် ဓမ္မဟောင်းကာလာ၌ စနေနေ့ကို ဥပုသ်နေ့ဟူ၍ သတ်မှတ်ထားသောကြောင့် ပါစကားပွဲတော်ကို စနေနေ့၌ နှစ်စဉ်ကျင်းပကြသည်။ အကြောင်းမှာ ဓမ္မဟောင်း လက်ထက်တွင် ဂျူးလူမျိုးတို့သည် အီဂျစ်ပြည်၌ ဖာရောဘုရင်၏ ကျွန်ခံရာမှ လွတ်မြောက်စေရန် မြတ်စွာဘုရားသခင်သည် ပင်လယ်ရေကို နှစ်ပိုင်းခွဲတော်မူပြီး သူတို့ကို တစ်ဖက်ကမ်းသို့ ချောမောစွာကူးဖြတ်နိုင်စေခဲ့သောကြောင့် ဖြစ်သည်။ ဓမ္မသစ်လက်ထက်၌ ခရစ်တော်ယေဇူးသည် မိမိအသွေးတော်ဖြင့် ကျွန်ုပ်တို့၏အပြစ် အစွန်းအကွက်များကို ဆေးကြောတော်မူ၍ နတ်ဆိုး၏ ကျွန်ဘဝမှ ရွေးနှုတ်တော်မူကြောင်း အောက်မေ့သတိရစေခြင်းငှာ ပါစကားပွဲတော်ကြီးကို တနင်္ဂနွေနေ့၌ ကျင်းပကြသည်။ အကြောင်းမှာ ထို့နေ့၌ ခရစ်တော်ယေဇူးသည် သင်္ချိုင်းမှ မိမိတန်ခိုးတော်အားဖြင့် ရှင်ပြန်ထမြောက်တော်မူသောကြောင့်ဖြစ်သည်။
<<< ယုံကြည်ခြင်းအချုပ်၏စတုတ္ထပိုဒ် <<<
<<< ယုံကြည်ခြင်းအချုပ်၏စတုတ္ထပိုဒ် <<<
>>> ယုံကြည်ခြင်းအချုပ်၏ ဆဌမပိုဒ် >>>
ConversionConversion EmoticonEmoticon