ယုံကြည်ခြင်းအချုပ်၏ သတ္တမပိုဒ်



ယုံကြည်ခြင်းအချုပ်၏ သတ္တမပိုဒ်

== ထိုမှရှင်သူသေသူလူတို့ကို စီရင်စစ်ကြောတော်မူရန် ကြွလာတော်မူလိမ့်မည်။ ++



၁။ သေလွန်ပြီးနောက် တစ်ဦးစီအားစီရင်ခြင်း

          သေခြင်းတရားသည် လူသားများအား လောကကြီးနှင့် ကင်းကွာစေခြင်း ဖြစ်သည်။ သို့သော် ထိုကင်းကွာခြင်းထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော အရာမှာ သေသောအခါ လူ၏ဝိညာဉ်သည် စီရင်သူ တရားသူကြီး၏ ရှေ့မျက်မှောက်၌ ဤလောကတွင် ပြုမိခဲ့သော ကောင်းမှု မကောင်းမှု ဟူသမျှတို့ကို ထိုက်တန်သော အကျိုးအပြစ်အတိုင်း ဆုံးဖြတ်ခြင်းကို ခံယူရမည်ဖြစ်သည်။ ကောင်းသောသူတို့အား ကောင်းကင်သုခဘုံကိုလည်းကောင်း ဆိုးသောသူတို့အား မိမိ၏ အပြစ်အလျောက် ငရဲဒဏ်ကိုလည်းကောင်း ဆုံးဖြတ်ပေးသော အချိန်လည်း ဖြစ်သည်။

၂။ ရှင်သူသေသူတို့ အားလုံးကို စီရင်စစ်ကြောတော်မူခြင်း

          =ထိုအခါ လူသားတို့၏အမှတ်သည် မိုးကောင်းကင်၌ ထင်ရှား၍ လူသားသည် မိုးတိမ်ပေါ်၌ ကြီးစွာသော ဘုန်းတန်ခိုးတော်နှင့် ကြွလာတော်မူလိမ့်မည်။+ ခရစ်တော်ယေဇူးသည် ပထမအကြိမ် လောကသို့ ဆင်းကြွလာသောအခါ ဆင်းရဲနုံချာနှိမ့်ကျ လှသည့်သဏ္ဍာန် ပေါ်လွင်သော်လည်း နောက်ဆုံးကြွလာတော်မူသောအခါ အလုံးစုံကို စိုးပိုင်အုပ်ချုပ်တော်မူသော ရှင်ဘုရင်၏ ဘုန်းတော်ကို ဆောင်လျှက် ပေါ်ထွန်းတော်မူလိမ့်မည်။
          =ကိုယ်တော်သည် မိမိ၏ တမန်တော်များကို တံ့ပိုးခရာနှင့် ပြင်းစွာသော အသံဖြင့် စေလွှတ်တော်မူလိမ့်မည်။+ ခရစ်တော်ယေဇူး၏ တမန်တော်များသည် ရှင်သူသေသူလူတို့ကို အရပ်လေးမျက်နှာမှ စုဝေးစေပြီး ပြာမှုန့်အဖြစ်နှင့် တည်ရှိသည့် သေသောသူတို့သည် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် လောကမှာ ရှိနေစဉ်က မိမိတို့၏ ခနာကိုနှင့် ပြန်လည်ပေါင်းစပ်၍ နဂိုပကတိအတိုင်း ပြန်ဖြစ်လာလိမ့်မည်။ ထိုနောက်ဘုရားသခင်သည် မိမိ၏တန်ခိုးတော်နှင့် အသက်ကို ပြန်သွင်းပြီးကာလ တရားသူကြီး၏ရှေ့တော်သို့ ပို့ဆောင်ခြင်း ခံရလိမ့်မည်။
          ခရစ်တော်ယေဇူးသည် ဘုန်းကြီးသော ပလ္လင်ပေါ်၌ ထိုင်၍ ရှေ့တော်သို့ ခပ်သိမ်းသော လူမျိုးတို့ကို စုဝေးစေပြီး အပြစ်ရှိသော သူတို့ကို လက်ဝဲဘက်၌လည်းကောင်းဥစ္စာရှိသော သူတို့ကို လက်ယာဘက်၌လည်းကောင်း ခွဲထားတော်မူလိမ့်မည်။ ထိုအခါ ခပ်သိမ်းသော လူအပေါင်းတို့အား မိမိတို့ပြုကျင့်သော အပြစ်စရိုကများကိုလည်းကောင်း၊ ကုသိုလ်ပါရမီများကိုလည်းကောင်း စိတ်ထဲ၌ တစ်ပြိုင်နက် ရှင်းလင်း ထင်ပေါ်စေလျှက် သူတို့အာ စီရင်စစ်ကြောတော်မူလိမ့်မည်။ ထို့ကြောင့် လက်ယာဘက်၌ ရှိသော သူတို့အား ခရစ်တော်ယေဇူးမှ = ငါ၏ ခမည်းတော်ထံ၌ မင်္ဂလာခံကြသော သူတို့လာကြလော့၊ ကမ္ဘာဦးကပင် သင်တို့အတွက် ပြင်ဆင်ထားသော နိုင်ငံတော်ကို အပိုင်ယူကြလော့။+ လက်ဝဲဘက်၌ နေကြသောသူတို့အား = ကျိန်ဆဲခြင်းခံရသော သူတို့ နတ်ဆိုးနှင့် သူ၏ တမန်တော်များအဖို့ ပြင်ဆင်ထားသော ထာဝရမီးထဲသို့ ငါ့ထံမှ ဆုတ်ခွာသွားကြလော့။+ (မဿဲ ၂၅း ၃၁ - ၄၆)
          နောက်ဆုံးစီရင်ခြင်း အမှုပြီးလျှင် ဖြောင့်မတ်သော သူတို့သည် ကိုယ်ခနာရော ဝိညာဉ်ပါ ကောင်းကင်ဘုံသို့ ဝင်ကြရလိမ့်မည်။ အပြစ်ရှိသော သူတို့မူကား နတ်ဆိုး၊ နတ်မိစ္ဆာတို့ရှိရာ ငရဲကြီးထဲသို့ဆင်း၍ ငရဲဒဏ်ကို ထာဝရခံကြရလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်၏ အမျက်တော်ကို ရှောင်ကြဉ်လိုလျှင် နောက်ဆုံးနေ့အထိ မဆိုင်းမငဲ့ပဲ မိမိကိုယ်ကို အခုချိန်မှစ၍ အပြစ်များအတွက် သံဝေဂစွဲပြီး နောင်တရကြပါစို့။





Previous
Next Post »